မြန်မာ တက္ကသိုလ်များ၏ အရည်အသွေး နိုင်ငံတကာ အဆင့်မီစေရေး အတွက် ရေရှည်ပံ့ပိုး ကူညီမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၂၀၁၃
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ် H.E Mr.David Lipman က ''မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာ ကဏ္ဍမှာ တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကို နိုင်ငံတကာ အဆင့်မီဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆွေးနွေးမှုတွေ၊ ပံ့ပိုးမှုတွေကို ရေရှည် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ယင်းအလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ သင်ကြားမှု၊ သင်ယူမှု အရည်အသွေး၊ သင်ထောက်ကူ ပစ္စည်းများ၏ အရည်အသွေး၊ တက္ကသိုလ်များ၏ အရည်အသွေးများကို နိုင်ငံတက္ကသိုလ်များအတိုင်း စံချိန်စံညွန်းများနှင့် အညီ အဆင့်မီစေရေးအတွက် ဥရောပသမဂ္ဂ အဖွဲ့အစည်းများမှ နိုင်ငံတကာ တက္ကသိုလ်များ၏ အရည်အသွေး စံနှုန်းများအား ချပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် တာဝန်ရှိသူများကလည်း သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား နိုင်ငံတကာ တက္ကသိုလ်များ၏ စံနှုန်းအတိုင်း အရည်အသွေး စစ်ဆေးမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်များ၌ ဆောင်ရွက်သွားလျက်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှလည်း တာဝန်ရှိသူများက အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
''မြန်မာ့ပညာရေးက နိုင်ငံတကာနဲ့ယှဉ်ရင် လက်ရှိမှာက အဆင့်မမီသေးဘူး။ ပညာရေး အဆင့်အတန်း မြင့်မားဖို့အတွက် ဆိုရင်လည်း အရင်ဆုံး ဒေသတွင်း အဆင့်၊ အရှေ့တောင်အာရှ အဆင့်နဲ့ညီအောင် လုပ်ရမယ်။ ပြီးမှ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး အဆင့်ဆင့်လုပ်ရမယ်။
ပြည်တွင်းတက္ကသိုလ်တွေရဲ့ စံနှုန်းတွေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ စံနှုန်းတွေလည်း တူညီဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ တက္ကသိုလ်တွေရဲ့ အရည်အသွေး တိုင်းတာတဲ့ စံနှုန်းတွေကို အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ speaker တွေကနေ စံနှုန်းတွေကို ရှင်းပြတယ်။
နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ စံနှုန်းတွေကို အသိပေးတယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မြင့်က ပြောကြားခဲ့သည်။ အရည်အသွေး စံချိန်စံညွှန်း တိုင်းတာစစ်ဆေးခြင်းများကို တက္ကသိုလ် တစ်ခုချင်းစီအလိုက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ပထမအဆင့် အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်များ၌ တက္ကသိုလ်အချင်းချင်း အပြန်အလှန် စစ်ဆေးလျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့် တက္ကသိုလ် အဖွဲ့အစည်းများအား ဖိတ်ခေါ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံက ကျောင်းသားတွေကို Student Exchanged Program အနေနဲ့ နိုင်ငံတကာ တက္ကသိုလ်တချို့က ကမ်းလှမ်းတာရှိတယ်။ ဒီလိုမျိုး ကျောင်းသား ဖလှယ်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ဘက်က အရည်အသွေးနဲ့ နိုင်ငံတကာ ကျောင်းသားတွေရဲ့ အရည်အသွေး အာမခံချက်တူအောင် မြှင့်ပေးဖို့ လိုအပ်ပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ပြောသည်။ မြန်မာနိုင်ငံ၌ တက္ကသိုလ်နှင့် ကောလိပ် ၄၇ ခု ရှိကြောင်း သိရသည်။
EMG






0 comments:
Post a Comment